တခါက လူတစ်ယောက်ဟာ မိန်းမကြီးတစ်ယောက်နေတဲ့အိမ်ကိုရောက်သွားတယ်။
အဲဒီမိန်မကြီးကို အဲဒီအရပ်ကလူတွေက သိပ်မကြည်ကြဘူး။ဘာလို့လဲဆိုတော့
သူမဟာသိပ်ကပ်စေးနဲလွန်းတာကိုး……….။
ရောက်သွားတဲ့လူက မြို့ကြီးပြကြီးက ဧည့်သည်တစ်ယောက်ပါ။ မျက်စိလည်ပြီးရောက်သွားတယ်ဆိုပါတော့။ လမ်းရှောက်လာတာရယ်၊ နေလည်းအတော်မြင့်နေတာမို့ ဗိုက်ဆာလာတော့ အကူအညီတောင်းမယ်ဆိုပြီး ၀င်လာတာပါ။ သူက အဘွားကြီးလဲမြင်ရော ၀မ်းသာအားရပြောတယ်……”ကျွန်တော်ဗိုက်အရမ်းဆာလာလို့ပါ ခင်ဗျ။ စားစရာတခုခု များရနိုင်မလား” လို့ပြောလိုက်ပြီးမှ ပြန်စဉ်းစားတယ်။ “အင်း…….နောက်မှပဲ ကျေးဇူးတင်စကားပြောပြီး..ငွေနဲ့ကန်တော့ခဲ့မယ်” ပေါ့။
အဘွားအိုက “အေး…အိမ်ထဲမှာ စားစရာနည်းနည်းတော့ရှိတယ်ကွဲ။ မင်းကို ငါပေါင်မုန့်နည်းနည်းတော့ ကျွေးနိုင်ပါတယ်”လို့ပြောတယ်။
ဧည့်သည်ကတွေးတယ်….”အင်းလေ…ဒီလို ကျေးလက်ခေါင်ခေါင်မှာ ပေါင်မုန့်တောင်များများ ဘယ်ရှိမလဲပေါ့။” ဒါနဲ့သူကလဲ “ဟုတ်ကဲ့ပါ” လို့ပြောပြီး
အဘွားအို နောက်ကလိုက်သွားလိုက်တယ်။ အိမ်ထဲရောက်တော့ မီးဖိုချောင်ဘက်စောင်းကြည့်မိတယ် ဆိုရင်ပဲ….အားပါးပါး အသီးအနှံ၊ စားသောက်ဖွယ်ရာတွေ အများကြီးတင်ထားတဲ့ စားပွဲရှည်ကြီး၊ အလယ်ခေါင်မှာ ပေါင်မုန့်တုန်းကြီးလဲရှိတယ်။…အဲဒီပေါင်မုန့်တုန်းကြီးကိုမှ နည်းနည်းလေးလှီးပြီး ယူလာသည်။ ပြီးတော့သူကိုပေးသည်။ ပေါင်မုန့်တုန်းလေးက လက်သီးစုပ်လောက်သာဖြစ်သည်။ သူအရင်တွေးထားတာတွေ ပေါင်မုန့်တုန်းလောက်ဖြစ်သွားအောင်
ပါပဲ။ ဒါနဲ့ သူကပြောလိုက်တယ်”ပေါင်မုန့် ကတော့ရပြီ။ ဟင်းရည်လေးနဲ့ဆိုရင် ပိုလို့ကောင်းမယ်ထင်တယ်..အဘွား” အဲဒီတာ့ အဘွားအိုက “အေးကွဲ့……အဘွားမှာ ဟင်းရည်ချက်ပြီးသားမရှိဘူး မောင်ရင်” လို့ပြန်ပြောတယ်။
ဧည့်သည်။ ။”ဒါဆိုအဘွားရာ ကျောက်ခဲစွပ်ပြုတ်ကလေးချက်ပေးပါလား”
အဘွားအို။ ။”ကျောက်ခဲစွပ်ပြုတ် ဟုတ်စ။ ဘာလဲကွဲ့ အဲဒါက”
ဧည့်သည်။ ။”သြော်….ချက်ရတာလွယ်ပါတယ်..အဘွားရဲ့။ ဟိုပန်းခြံထဲက ကျောက်တုံးလေးတွေကို ရေဆေး…ပြီးရင် အိုထဲမှာ
ထည့်၊..ပြီးတော့ရေထည့်ပြီး ပွတ်အောင်တည်လိုက်ရုံလေးတင်ပါ။” အဲလိုပြောတော့ အဘွားအိုကစဉ်းစားတယ်…”အင်း….ဟိုပန်းခြံထဲက ကျောက်တုံးတွေ
..ပြီးတော့ ရေ၊ပြီးတော့ ပွတ်အောင်ထည့်။ အင်းလေ..ဘာများကုန်တာမှတ်လို့” ဆိုပြီး ဧည့်သည်ပြောသလို ထည့်ပေးလိုက်တယ်။
ရေပွတ်လာတယ် ဆိုရင်ပဲ ဧည့်သည်ဟာ ဇွန်းနဲ့အပြည့်ခက်ပြီး၊ အားရပါးရမြည်းသည်။ “အား..ဟုတ်ပြီ၊ ကောင်းတယ်။ ဒါပေမဲ့ အာလူး
လေးနည်းနည်းထည့်မယ်ဆိုရင် ဒီထက်အရသာပိုရှိလာမှာဗျ။” လို့ဆိုတယ်။ အဘွားအိုလဲ “ဟုတ်လား” ဆိုပြီး အာလူးလေးနည်းနည်းလှီးထည့်ပေးတယ်။
အာလူးတွေကျေလုလုနီးတော့ ဧည့်သည်ကမြည်းတယ်…..”အား….ပိုကောင်းသွားပြီ၊ ကြက်သွန်နီလေး နည်းနည်းထည့်လိုက်ရင် အနံ့လေးမွှေးသွားမယ်”။
ဒီတော့ အဘွားအိုလဲပြောတဲ့အတိုင်းထည့်ပေးလိုက်တယ်…ကြက်သွန်နီတွေ နွမ်းသွားတော့ ဧည့်သည်ကမြည်းကြည့်တယ်။
“အို လွှတ်ကောင်း Good ပဲ၊ ကျွန်တော်ဟိုနားက စားပွဲပေါ်မှာကြက်သား နည်းနည်းတွေ့တယ်။ အဲဒါအလကား ဖြစ်မဲ့
အတူတူ ဒီထဲထည့်လိုက်ပါလား။ ပြီးတော့ အချိုမုန့်နဲ့ဆားလေးခက်လိုက်ရရင် ဒီဟင်းရည်ပြည့်စုံပြီပဲ..အဘွားရေ” ဆိုတော့ အဘွားအိုလဲ “အင်းလေ……
ဒီလောက်ချက်လာပြီး မှတော့ ငါ့ဟင်းလေးကောင်းအောင် ထည့်ပေးလိုက်ပါ့မယ်။” လို့တွေးမိပြီး ထည့်ပေးလေ၏။
ဟင်းရည်လည်းကျက်ရော “အဘွားရေ….ဒီဟင်းရည်ကတော့ ကျွန်တော်စားဖူးသမျှ သောက်ဖူးသမျှ ထဲမှာအကောင်းဆုံးပဲ ဗျို့” လို့ပြောပြီး အစကပေးထားတဲ့ပေါင်မုန့်နဲ့အတူအားရပါးရစားသောက်လိုက်ပါတော့သတည်း။ ။
ဒီဇာတ်လမ်းလေးရဲ့ အနှစ်ချူပ်ကိုပြောရရင်……………..
ကျွန်တော်တို့အားလုံးဟာ သံသရာခရီးသည်များပါ။ကြုံတုန်း ဆုံတုန်းအလွန်
ကပ်စေးနဲတဲ့ သဘာဝ ဆိုသောအဘွားအိုနဲ့ တွေ့ခိုက် ရလာတဲ့ ပေါင်မုန့် နည်းနည်းနဲ့ တင်းတိမ်ပြီး အသက်ဆက်မလား?ကျောက်ခဲစွပ်ပြုတ်ပါ ဆိုပြီး ရနိုင်သလောက်ယူကာ ကြက်သားဟင်းရည်ချက်စားကြမလားလို့ မေးရမှာပါပဲ ခင်ဗျား။ ။
Allusion and Translated by ပန်းပျိုးလက် (A Stone Soup “Author Unknown”)

No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။